Scrum ဆိုတာဘာလဲ (အပိုင်း-၁)



Agile ဆိုတာဘာလဲ ခေါင်းစဥ်နဲ့ ရှေ့မှာ Agile အကြောင်း ရေးခဲ့ပါတယ်။ Agile က အသုံးများတဲ့ Project Management နည်းစနစ်ဖြစ်လာတာနဲ့အမျှ Agile အတွက် အသုံးပြုတဲ့ Framework တွေကိုလည်း လေ့လာဖို့လိုအပ်လာပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ဆောင်းပါးမှာ Agile နည်းအတွက် အသုံးအတွင်ကျယ်ဆုံးဖြစ်တဲ့ Scrum Framework နဲ့ပတ်သက်ပြီး ဝေမျှချင်ပါတယ်။ Agile နဲ့ Scrum လို့ပြောရင် နှစ်ပတ်တစ်ခါ Sprint Run တာလို့ပဲ များသောအားဖြင့် သိကြပါတယ်။ နှစ်ပတ်တစ်ခါ Sprint အပြင် ဘာတွေရှိသေးလဲ၊ ဘယ်လိုတွေ အလုပ်လုပ်လဲဆိုတာ လေ့လာကြည့်ရအောင်။

Scrum Framework မှာ ပါဝင်တဲ့ အကြောင်းအရာတွေကများလို့ အပိုင်း (၂) ပိုင်းခွဲရေးပါမယ်။
  1. Scrum ဆိုတာဘာလဲ၊ Sprint ဆိုတာဘာလဲ နဲ့ Scrum Meetings တွေအကြောင်းကို ရှင်းပြပါမယ်။
  2. Scrum မှာ ပါဝင်တဲ့ Team Member တွေနဲ့ အသုံးပြုတဲ့ Artifact တွေအကြောင်းကို ရေးသွားပါမယ်။
(ဒီဆောင်းပါးက Scrum.org ရဲ့ Scrum Guide™ ကို အခြေခံပြီး ရေးထားတာဖြစ်ပါတယ်။)



Scrum ဆိုတာဘာလဲ

Scrum ဆိုတာ Teamwork ကို ထိထိရောက်ရောက်အသုံးချပြီး လုပ်ငန်းလုပ်ဆောင်စေတဲ့ Framework ဖြစ်ပါတယ်။ Team Member တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ရှုပ်ထွေးခက်ခဲတဲ့ Project တွေကို အောင်အောင်မြင်မြင် Deliver လုပ်ဖို့ရာ Scrum ကို အသုံးပြုကြပါတယ်။ Agile ရဲ့ Framework ဖြစ်တဲ့ Scrum က Requirement အပြောင်းအလဲတွေကို ကောင်းကောင်းလက်ခံနိုင်ပါတယ်။ Scrum ကို နားလည်ရလွယ်ကူပြီး ပေ့ါပေ့ါပါးပါးရှိတဲ့ Project Management Framework ဖြစ်ပြီး၊ ကျွမ်းကျင်ဖို့တော့ ခက်ခဲတယ်လို့ ဆိုကြပါတယ်။

Scrum က Agile ရဲ့ Iterative (ထပ်တလဲလဲ) နဲ့ Incremental (ထပ်တိုး) နည်းလမ်းကို အသုံးပြုပြီး Product ကို Customer ဆီကို စဥ်ဆက်မပြတ် ထုတ်ပေးပါတယ်။ Scrum က Team တွေကို
  • အတွေ့အကြုံတွေကနေ သင်ယူဖို့
  • ကိုယ်တိုင် ပြဿနာတွေ ဖြေရှင်းဖို့နဲ့
  • အဲဒီအတွေ့အကြုံတွေကနေ ဆက်ပြီး Improve လုပ်သွားဖို့  တွန်းအားပေးပါတယ်။

Sprint ဆိုတာဘာလဲ

Sprint ဆိုတာ Iterative (ထပ်တလဲလဲ) Develop လုပ်၊ Deliver လုပ်ဖို့အတွက် အချိန်တစ်ခု သတ်မှတ်တာဖြစ်ပါတယ်။ ကိုယ့် Team ပေါ်မူတည်ပြီး ၁ပတ်ကနေ ၄ပတ်အတွင်း စိတ်ကြိုက်သတ်မှတ်နိုင်တယ်၊ များသောအားဖြင့် ၂ပတ် လို့ သတ်မှတ်ကြပါတယ်။ အဲဒီ သတ်မှတ်တဲ့ အချိန် ၂ ပတ် အတွင်းမှာ Development Team က Product Backlog ထဲက Priority စီထားတဲ့ Task တွေကို ၂ပတ်စာ ပြီးမြောက်မယ့် ပမာဏ ရွေးယူပြီး Develop လုပ်ပါတယ်။ ၂ပတ် ပြည့်ရင်တော့ Sprint ပြီးပြီဖြစ်လို့ ပြီးသွားတဲ့ Task တွေကို Review လုပ်ပြီး Customer ဆီ Deliver လုပ်လို့ရတာတွေကို Deliver လုပ်ပါတယ်။ ၂ပတ် ပြည့်ရင် စက်ဝိုင်းတစ်ပတ် ပြန်လည်သလို Sprint အသစ် ပြန်စပါတယ်။ Sprint တစ်ခုထဲမှာ လုပ်ရတဲ့ Meetings (သို့) Events လေးခု ရှိပါတယ်။

Scrum Events 4 ခု

1. Sprint Planning
Sprint အစမှာ Product Backlog ထဲ Priority မြင့်တဲ့ Task တွေကို Development Team က ရွေးယူ၊ Sprint Backlog ထဲထည့်ပြီး Develop လုပ်ဖို့ အသေးစိတ်ဆွေးနွေးတဲ့ Meeting ပါ။ Scrum Team တစ်ခုလုံး Meeting တက်ပြီး
  • ဒီ Sprint မှာ ဘာတွေလုပ်မှာလဲ (What) နဲ့
  • ဘယ်လို Develop လုပ်မှာလဲ (How) ကို ဆွေးနွေးတာဖြစ်ပါတယ်။
2. Daily Standup
နေ့စဥ် Development Progress ကိုသိဖို့ ၁၅ မိနစ်လုပ်တဲ့ Meeting ဖြစ်ပါတယ်။ Development Team က တစ်ယောက်ချင်း Progress ကို ပြောပြပြီး အဓိက အချက် ၃ ချက်ဖြစ်တဲ့
  • မနေ့က ဘာတွေလုပ်လဲ
  • ဒီနေ့ ဘာတွေလုပ်မလဲ
  • Block ဖြစ်နေတာ ဘာရှိလဲ စတာတွေကို လိုတိုရှင်း ဆွေးနွေးတာဖြစ်ပါတယ်။
3. Sprint Review
Sprint အဆုံးမှာ ၂ပတ် အတွင်း ပြီးသွားတဲ့ Task (“Done” Work) တွေကို Development Team က Demo ပြပြီး၊ Product Owner နဲ့ Stakeholder တွေက Review လုပ်ပါတယ်။ လိုတာတွေကို Product Backlog ထဲ ထပ်ထည့်တာမျိုးတွေရှိပြီး ဘာတွေက Customer ဆီ Deliver လုပ်လို့ရမလဲဆိုတာ ဆွေးနွေးပါတယ်။

4. Sprint Retrospective
Sprint Retrospective ကတော့ Sprint အဆုံးမှာ ဒီ Sprint အတွင်း အဆင်ပြေခဲ့တာ၊ အဆင်မပြေခဲ့တာ နဲ့ နောက် Sprint တွေမှာ တိုးတက်အောင် ဘာတွေလုပ်လို့ရမလဲ ဆွေးနွေးတဲ့ Meeting ဖြစ်ပါတယ်။ Team အတွက် ရခဲ့တဲ့ အတွေ့အကြုံတွေကနေ ဆက် Improve လုပ်သွားဖို့အတွက်ပါ။

Backlog Refinement
Backlog Refinement က Product Backlog ဆောင်းပါးမှာ အသေးစိတ်ရေးခဲ့တဲ့ Backlog Grooming Meeting ကို ပြောတာဖြစ်ပါတယ်။ Backlog ကို ပြန်ရှင်းလင်းတာဖြစ်ပြီး မဖြစ်မနေ Sprint တိုင်းမှာ ထည့်လုပ်ရတဲ့ Meeting တော့မဟုတ်ပါဘူး။ သို့သော် နှစ်ပတ်တစ်ခါလုပ်မလား၊ တစ်လတစ်ခါလုပ်မလား စသဖြင့် သတ်မှတ်ပြီး ပုံမှန်လုပ်သင့်ပါတယ်။

ဒီပုံထဲကအတိုင်း Scrum Meeting တွေကို Scrum Team ကလူတွေက ပူးပေါင်း လုပ်ဆောင်သွားတာဖြစ်ပါတယ်။ “Scrum ဆိုတာဘာလဲ (အပိုင်း-၂)” မှာ Scrum Team Roles တွေနဲ့ Scrum Component တွေဖြစ်တဲ့ Product Backlog, Sprint Backlog စတာတွေကို ထပ်ရေးသွားပါမယ်။ စုပြုံနေမှာစိုးလို့ Agile Mindset အတိုင်း “One bite at a time” ပါ။

တစ်ခုသတိထားရမှာက ဒီဆောင်းပါးမှာ Scrum Framework သုံးရင် အခြေခံပါရတဲ့ Meetingတွေကို ဖော်ပြခဲ့တာဖြစ်လို့ Agile မှာ သုံးကြတဲ့ Meeting တွေ အကုန်လုံးတော့ မပါဝင်ပါဘူး။ ဥပမာ Roadmap အတွက် လိုတဲ့ Meeting တွေ စသဖြင့်ပါ။ Scrum ရဲ့ အဆိုအရလည်း ဒီ Meeting တွေအပြင် Team က လိုတဲ့အခြား Meeting တွေကိုလည်း လိုအပ်သလို ဖြည့်စွက်လုပ်ဆောင်နိုင်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for latest updates.

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Cross-Functional Team အကြောင်း တစေ့တစောင်း

အသုံးများတဲ့ Product Testing တွေ